Skip to main content

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

 

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

“တရားမျှတမှု + တာဝန်ခံမှု = ပြစ်ဒဏ်ကင်းလွတ်ခွင့်များကို အဆုံးသတ်ခြင်း”

       

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်

            

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ယနေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ၊(၂၅)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့တွင် တရားမျှတမှု + တာဝန်ခံမှု = ပြစ်ဒဏ် ကင်းလွတ်ခွင့်များကို အဆုံးသတ်ခြင်း” ဆိုသည့် ဆောင်ပုဒ်ဖြင့် (၁၆) ရက်တာအတွင်း  လှုပ်ရှားမှုများ၊ ပုံစံမျိုးစုံဖြင့် အသံထုတ်ဖော်ခြင်းများ၊ ဖဲကြိုးဖြူကမ်ပိန်းများ ပြုလုပ်သွားမည်ဖြစ်သည်။ 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အကြမ်းဖက်မှုမှန်သမျှကို လုံးဝဆန့်ကျင်ကန့်ကွက်သည်သာမက အကြမ်းဖက်မှုမှန်သမျှ ပပျောက်စေရန် (Zero Tolerance)မူကို ကိုင်စွဲ ကျင့်သုံးပြီး မည်သည့် အကြမ်းဖက်မှု မဆို ရှုတ်ချကန့်ကွက်သည်။ ထို့အပြင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အမျိုးသမီးများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုမှန်သမျှကို မှတ်တမ်းတင်ပြီး တရားမျှတမှု ရရှိရေး အတွက်  နိုင်ငံအဆင့် မှ နိုင်ငံတကာအဆင့် ထိ အမြဲတမ်းမီးမှောင်းထိုးပြနေသည်။ 

မြန်မာနိုင်ငံသည် ရှည်လျားသော ပြည်တွင်းစစ်ပဋိပက္ခများ ဖြစ်ပွားနေသော နိုင်ငံဖြစ်ပြီး  အမျိုးသမီးများ အပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ ပိုမိုများပြားလာသည့် အဓိက အကြောင်းအရင်းမှာ  ဖိုဝါဒကြီးစိုးသည့် စနစ် ကျင့်သုံးခြင်း နှင့် စစ်အာဏာရှင်စနစ် ကြောင့်ဖြစ်သည်။ ထို့အပြင် ဖိုဝါဒကြီးစိုးသည့်  အတွေးအခေါ် များ ရှိနေခြင်း၊ ဖိုဝါဒကြီးစိုးနိုင်ရန် လက်တွေ့ကျင့်သုံးနေသူများ ရှိနေခြင်းနှင့် ခေတ်အဆက်ဆက် မတရား အာဏာ သိမ်းသော စစ်အာဏာရှင်ကြောင့်   ကျူးလွန်ခံရသူများအနေဖြင့် ယနေ့အချိန်အထိ တရားမျှတမှု နှင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ မရရှိသည်ကို တွေ့ရှိရသည်။  

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ အကြမ်းဖက်စစ်တပ် မတရားအာဏာသိမ်းသည့်အချိန်မှ စ၍ ယနေ့ထိ အိမ်တွင်းအကြမ်းဖက်မှု (၁၁၁) မှု၊ အရပ်သားမှ ကျူးလွန် သော မုဒိမ်းမှု (၁၄) မှု၊ စစ်တပ်မှ ကျူးလွန်သော မုဒိမ်းမှု (၁၆)မှု ထက်မနည်း၊ စစ်တပ်မကျူးလွန်သော လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု (၃)မှု ထက်မနည်း ရှိသည်ကို အဖွဲ့ဝင်အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ တွေ့ရှိရသည်။​ ထို့အပြင် သတင်းမီဒီယာများတွင်လည်း အမျိုးသမီးများကို မုဒိမ်းကျင့်ပြီး မီးရှို့သတ်ဖြတ် လက်စဖျောက်သည့်  အမှုများ (၄၀) မှု ထက်မနည်း ရှိပြီး  အကြမ်းဖက်မှုများ  နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျှက် ရှိနေကာ ကျူးလွန်နေသူများမှာ အပြစ်ပေးအရေးယူဆောင်ရွက်မည့်ယန္တရား မရှိသည့်အပြင် ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိနေသည်ကို တွေ့ရှိရသည်။​ 

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေကြောင့် အမျိုးသမီးများ၊ အမျိုးသမီးငယ်များနှင့် လိင်စိတ်ကွဲပြား သူများ အပါအဝင် မည်သူတစ်ဦးတစ်ယောက်မှ လုံခြံရေး အကာအကွယ် မရှိသည့်သာမက လွန်စွာစိုးရိမ်ရ သည့် အခြေအနေကို တွေ့ရပါသည်။  အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ခေတ်အဆက်ဆက် ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှု ကျူးလွန်နေသည့် အကြမ်းဖက်စစ်တပ်ကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု များအပေါ် ကျူးလွန်သည့်ရာဇဝတ်မှု နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုရာဇဝတ်မှုများ ကျူးလွန်သော တရားခံ အဖြစ် သတ်မှတ်ထားပါသည်။ ထိုကြောင့် ကျူးလွန်သူအကြမ်းဖက်စစ်တပ် များ ကို  တရားမျှတမှု ရရှိရေးနှင့် တာဝန်ယူမှုတာဝန်ခံမှု ရှိလာစေရန် အတူတကွ မိမိတို့ ကျရာကဏ္ဍများတွင် ဆောင်ရွက်ကြရန်  မိမိတို့ အမျိုးသမီးများအဖွဲ့ ချုပ် (မြန်မာနိုင်ငံ) မှ  အလေးအနက်တိုက်တွန်းအပ်ပါသည်။ 

မျိုးသမီးများ၊ အမျိုးသမီးငယ်များနှင့်လိင်စိတ်ကွဲပြားသူများအပါဝင်အဝင် မည်သူမဆို   စိတ်ပိုင်း၊ ရုပ်ပိုင်း လိင်ပိုင်းဆိုင်ရာနှင့် မည်သည့် အကြမ်းဖက်မှု မဆို ပပျောက်ရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဦးဆောင်ကျင်းပသည့် ဖဲကြိုးဖြူကမ်ပိန်းကိုလည်း ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်မှုမှန်သမျှကို ဆန့်ကျင်ကြရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

အထက်ဖော်ပြပါ အခြေအနေများကြောင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် အောက်ပါအချက်များ ကို သက်ဆိုင်ရာတာဝန်ရှိသူများအား တောင်းဆိုလိုက်ပါသည်။​

  • အမျိုးသမီးများ၊ အမျိုးသမီးငယ်များနှင့် လိင်စိတ်ကွဲပြားသူများ အပါအဝင် မည်သူ့အပေါ်မဆို  အကြမ်းဖက်မှု အမြန်ဆုံးရပ်တန့်ရန် ြည်တွင်း၊ ပြည်ပရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းများ နှင့် အမျိုးသမီးများ အဖွဲ့အစည်းများ အတူတကွ ပူးပေါင်းဆောင်ရွက်ရန်။​
  • အမျိုးသမီးများ၊ အမျိုးသမီးငယ်များ နှင့် လိင်ကွဲပြားသူများ အပေါ် အကြမ်းဖက်မှု ကျူးလွန်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများ မှ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန်။ 
  • အကြမ်းဖက်မှုများရပ်တန့်ရန် နှင့် အကြမ်းဖက်မှုများ ကြိုတင်ကာကွယ်ခြင်း နှင့် အကာအကွယ် ပေးနိုင်ရန်အတွက်  ထိရောက်သည့် မူဝါဒများ ရေးဆွဲချမှတ်ရန်နှင့်၊  လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူ များမှ လုပ်ဆောင်ရန်။ 
  • ကျူးလွန်ခံရသူများ နှင့် ရှင်သန်ကျန်ရစ်သူများအတွက် လိုအပ်သည့် လုံခြုံရေး အကာအကွယ်နှင့် ဝန်ဆောင်မှုများ၊ ဘ၀ပြန်လည်ရပ်တည်နိုင်ရေး အစီအစဉ်များ၊ ဘဏ္ဍာငွေ ပံ့ပိုးခြင်းစသည့် လိုအပ်ချက်များ ကို  သက်ဆိုင်ရာ တာဝန်ရှိသူများ အသီးသီးမှ ဆောင်ရွက်ပေးရန်။ 
  • အကြမ်းဖက်စစ်တပ်မှ ကျူးလွန်နေသည့် ရာဇဝတ်မှုများကို  ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ရပ်တန့် စေရန် နှင့် တရားမျှတမှု ရရှိရန်  နိုင်ငံတကာ  တာဝန်ရှိသူများမှ အမြန်ဆုံး အကောင်အထည်ဖော်ရန် တောင်းဆိုအပ်ပါသည်။ 

 

 ဆက်သွယ်ရန် 

 အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) 

 [email protected]