Skip to main content

“ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်” ကျင်းပပြီးစီးကြောင်း ထုတ်ပြန်ချက်

ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်ကျင်းပပြီးစီးကြောင်း ထုတ်ပြန်ချက်

 

          ရက်စွဲ - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၃ရက်

 

“ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများဖိုရမ်” ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက်အထိ လူတွေ့နှင့် အွန်လိုင်းပုံစံဖြင့် ထိုင်းနိုင်ငံတနေရာတွင်သုံးရက်ကြာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖိုရမ်ကို “ငြိမ်းချမ်းရေးအတွက်အတူတကွ၊ အားလုံး တူယှဉ်ပါဝင်ရေး” ဆိုသည့် ဆောင်ပုဒ်ဖြင့်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ ဖိတ်ကြားထားသည့် အမျိုးသမီးနိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသမီး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ အမျိုးသမီးအဖွဲ့ဝင် များစုစုပေါင်းဦးရေ (၁၄၄)ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

 

အဆိုပါဖိုရမ်တွင်နိုင်ငံရေးနှင့် အဖွဲ့အစည်းဆိုင်ရာ နောက်ခံအမျိုးမျိုးမှ အမျိုးသမီးများအနေဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်ရန်၊ အမျိုးသမီးများ၏ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးပါဝင်မှုနှင့် ခေါင်းဆောင်မှု အတွက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ပြန်လည်သုံးသပ်နိုင်ရန်၊ ထို့အပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကူးအပြောင်းနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆွေးနွေးနိုင်ရန်အတွက် အားလုံးပါဝင်နိုင်သည့် နေရာတစ်ရပ်ကို ဖန်တီးပေးခဲ့ပါသည်။

 

ဖိုရမ်အတွင်း ဂျဲန်ဒါပေါင်းစုံပါဝင်ရန်အတွက် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်ဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများ၏ နိုင်ငံရေးအခန်းကဏ္ဍအတွင်း ကိုယ်စားပြုမှုပုံစံနှင့် သက်ဆိုင်သည့် တရားဝင်ဖြစ်မှုများ၊ အနှစ်သာရရှိပြီး အဓိပ္ပါယ်ပြည့်ဝသည့် ပါဝင်မှုများအကြောင်းကို ရှုထောင့်ပေါင်းစုံဖြင့် နယ်ပယ်စုံမှ ကိုယ်စားလှယ်များက အားကောင်းသည့်ရလာဒ်ရရှိလာသည်အထိဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ပါဝင်သူများ အနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ နောက်ခံအခြေအနေများမှ အမြင်များနှင့် အတွေ့အကြုံများကို မျှဝေနိုင်ခဲ့ကြပြီး ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုနှင့် စုပေါင်းနိုင်ငံရေးပါဝင်ဆောင်ရွက်မှုများအတွက် အလားအလာရှိ သည့် နယ်ပယ်များကိုလည်း ရှာဖွေဆွေးနွေးနိုင်ခဲ့ကြပါသည်။

 

ဖိတ်ကြားထားသည့် တစ်ဦးချင်းပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များအားလုံး၏ တက်ကြွစွာ ပါဝင်တက်ရောက်မှု ကြောင့် ဤဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသည့် အမျိုးသမီးများ အကြား ဆက်လက်၍ ဆွေးနွေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ခိုင်မာသည့် စိတ်ဝင်စားမှုရှိကြောင်းကိုလည်း ဖော်ပြနေပါသည်။

 ဖိုရမ်အတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပေါ်ထွက်လာသည့် တွေ့ရှိချက်များ၊ အကြံပြု ချက်များကို စုစည်းမှတ်တမ်းတင်ပြီးရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းအကောင်အထည် ဖော်သွားမည် ဖြစ်သည်။

 

မိမိတို့အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်များအားလုံး အဆုံးသတ်ရေး၊အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်း၊ ကဏ္ဍတိုင်းတွင် အမျိုးသမီးများ အဓိပ္ပါယ်ပြည့်ဝစွာပါဝင်ရေးတို့ကို ဦးတည်ကာ အဖွဲ့ချုပ်၏ နိုင်ငံရေးမျှော်မှန်းချက်ကို တစိုက်မတ်မတ်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

 

ဤဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် တက်ကြွစွာနှင့် အပြုသဘောဆောင်စွာ ပါဝင်ခဲ့ကြသည့် ပါဝင်သူများအားလုံးနှင့် ပူးပေါင်းပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများ အားလုံးကို မိမိတို့အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံမှအထူးပင်ကျေးဇူးတင်ပါသည်။  ထို့အပြင် မတူညီသော နိုင်ငံရေးနှင့် အဖွဲ့အစည်းဆိုင်ရာ နောက်ခံ အခြေအနေများမှ အမျိုးသမီးများအကြား အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နိုင်ရန် အထောက်အကူပြုခဲ့ကြသည့်အတွက်လည်း ကျေးဇူးတင်ရှိပါသည်။

 

 အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)