Skip to main content

Genocide Confirmed: Myanmar Civil Society Organizations Welcome the ICJ Judgment in The Gambia v. Myanmar

လူမျိုးသုဥ်းသတ်ဖြတ်မှုအား အတည်ပြု – ဂမ်ဘီယာနှင့် မြန်မာ အမှုတွင် ICJ အမှုစီရင်ချက်ကို မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်းများ ကြိုဆို

၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်

အောက်တွင် လက်မှတ်ရေးထိုးထားသော ရိုဟင်ဂျာနှင့် အခြား မြန်မာအရပ်ဘက်လူထုအဖွဲ့အစည်း ၂၁၉ ဖွဲ့တို့က လူမျိုးသုဥ်းသတ်ဖြတ်မှု တားဆီးရေးနှင့် အပြစ်ပေးအရေးယူမှုဆိုင်ရာ သဘောတူညီမှုစာချုပ် နှင့် ပတ်သက်သော ဂမ်ဘီယာက မြန်မာကိုတရားစွဲဆိုသည့်အမှု တွင် နိုင်ငံတကာတရားရုံး တရားသူကြီးများက ယနေ့ ချမှတ်လိုက်သော နောက်ဆုံး အမှုစီရင်ဆုံးဖြတ်ချက်ကို ကြိုဆို လက်ခံပါသည်။ မြန်မာနိုင်ငံသည် ၎င်း စစ်တပ်၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ” မှတစ်ဆင့် လူမျိုးသုဥ်းသတ်ဖြတ်မှု ဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချိုးဖောက်၍ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါသည်။

ကမ္ဘာ့အမြင့်ဆုံး တရားရုံးက ရိုဟင်ဂျာ အသက်ရှင် ကျန်ရစ်သူများ ဆယ်စုနှစ် နီးပါးခန့် ကမ္ဘာသို့ ပြောကြားခဲ့သည်များနှင့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ်တွင် တွေ့ရှိခဲ့သည်များကို ယခု အတည်ပြုလိုက်ပြီ ဖြစ်ပါသည်။ ရိုဟင်ဂျာများ ပျက်သုဉ်းခဲ့ရမှုသည် ကံဆိုးမိုးမှောင်ကျမှု မဟုတ်ပါ၊ စစ်ပွဲ၏ လွန်ကဲမှုလည်း မဟုတ်ပါ။ ၎င်းသည် မြန်မာစစ်တပ်က ကြံစည် ကျူးလွန်ခဲ့သော လူမျိုးသုဥ်းသတ်ဖြတ်မှု ဖြစ်ပြီး မည်သည့်အခါမျှ ထပ်မံ ငြင်းဆို၍ မရနိုင်တော့ပါ။

မိမိတို့သည် ရိုဟင်ဂျာ ထိခိုက်နစ်နာသူများနှင့် အသက်ရှင် ကျန်ရစ်သူများနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ပါသည်။ သူတို့သည် ထိုရက်စက်ကြမ်းကြုတ်မှုများ၏ ထာဝရ စိတ်ဒဏ်ရာကို ခံစားနေရရုံမျှမက၊ သူတို့ အသိုက်အမြုံ အများစုမှာ မွေးရပ်မြေပြင်ပတွင် ပြည်ပ​ရောက်ဘဝနှင့် မလုံခြုံမှုများထဲတွင် ဆက်လက် နေထိုင်နေရဆဲ၊ သို့မဟုတ် မြန်မာနိုင်ငံအတွင်း ဆက်လက် အကြမ်းဖက်မှုနှင့် ဖိနှိပ်ညှင်းပန်းမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ယနေ့ ချမှတ်လိုက်သော အပြီးသတ်အမှုစီရင်ချက်သည် ၎င်းတို့အတွက်သာမက၊ တရားစီရင်မှုကို ကြားသိခွင့်မရလိုက်ဘဲ အသက်ဆုံးရှုံးခဲ့ကြရသူများအတွက်လည်းဖြစ်သည်။

တရားမျှတမှုအတွက် တိုက်ပွဲ ဆက်လက် ဆင်နွှဲသွားမည်ဖြစ်ပြီး ဤအမှုစီရင်ချက်ကို ယခု အကောင်အထည် ဖော်ရပါမည်။ ဤအမှုစီရင်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ နစ်နာကြေးများ ပေးလျော်ရေးနှင့် ထပ်မံ မဖြစ်ပွားစေရေး အာမခံချက်များအဖြစ် ရိုဟင်ဂျာများ၏ လူမျိုးစုအမှတ်လက္ခဏာကို အပြည့်အဝအသိမှတ်ပြုပေးရန်၊ နိုင်ငံသားအခွင့်အရေး ပြန်လည်ပေးအပ်ရေးနှင့် ၎င်းတို့ မွေးရပ်မြေသို့ လုံခြုံစွာ၊ မိမိဆန္ဒအလျောက်၊ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေးတို့ အပါအဝင် ဆောင်ရွက်ရန်နှင့် မင်းအောင်လှိုင်နှင့် မြန်မာ စစ်တပ် ခေါင်းဆောင်များအတွက် ရာဇဝတ်​ကြောင်းမှ တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အစွမ်းကုန် ဆောင်ရွက်ပေးပါရန် နိုင်ငံတကာ အသိုက်အဝန်းကို မိမိတို့ တောင်းဆိုပါသည်။ ဤမြန်မာစစ်တပ်သည် မိမိတို့၏ ဘဝများကို အချိန်ကြာမြင့်စွာ ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ရိုဟင်ဂျာများနှင့် မြန်မာပြည်သူ အားလုံးအပေါ် မြန်မာစစ်တပ်၏ ဆယ်စုနှစ်များစွာ ရက်စက်မှုများကို အဆုံးသတ်ရန် မိမိတို့ကို ဝန်းရံကူညီပေးပါ။ မြန်မာနိုင်ငံကို ဤစစ်တပ်၏ အကြမ်းဖက်မှု အောက်မှ လွတ်မြောက်စေရန် ကူညီပေးပါ။ မိမိတို့နှင့်အတူ ဆက်လက် ရပ်တည်ပေးပါ။ ရိုဟင်ဂျာများနှင့်အတူ ဆက်လက် ရပ်တည်ပေးပါ။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်